ဟော်မုန်းအပြောင်းအလဲကာလ လိင်မှုဘဝ
ယောက်ျားလေးပဲဖြစ်စေ၊ မိန်းကလေးပဲဖြစ်စေ ခန္ဓာကိုယ်ကနေ ပုံမှန်လုပ်ထုံးအလိုက် လိင်ဟော်မုန်းတွေ ထုတ်လုပ်ပေးလေ့ရှိပါတယ်။ ဒီလို လိင်ဟော်မုန်းတွေမှာ
- Testosterone - ကျားဟော်မုန်း
- Estrogen - မဟော်မုန်း
- Progesterone - မဟော်မုန်းဆိုပြီး ပါဝင်ပါတယ်။
လူတိုင်းမှာ ကျားဟော်မုန်း၊ မဟော်မုန်း နှစ်မျိုးလုံး ရှိနိုင်ပြီး ယောက်ျားလေးတွေမှာတော့ မိန်းကလေးတွေထက် ကျားဟော်မုန်း ပိုများသလို၊ မိန်းကလေးတွေမှာလည်း မဟော်မုန်း ပိုများလေ့ရှိပါတယ်။ ဒီလို လိင်ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ နေ့တစ်ဒူဝ လုပ်ငန်းဆောင်တာတွေမှာ ကူညီပေးသလို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့၊ အရိုးဆဲလ်တွေ ပြုပြင်ပေးဖို့၊ လိင်စိတ်ဆန္ဒ တက်စေဖို့ စသဖြင့် ကူညီပေးပါတယ်။
ဘယ်လိုအချိန်တွေကို ဟော်မုန်းအပြောင်းအလဲကာလလို့ သတ်မှတ်နိုင်လဲ?
ဟော်မုန်းမျှခြေကို ကြီးကြီးမားမား ကမောက်ကမဖြစ်စေတဲ့ ကာလတွေဆိုရင်
- လူပျို၊ အပျိုဖော်ဝင်ချိန်
- ကိုယ်ဝန်ဆောင်ချိန်
- ရာသီလာချိန်
- သွေးဆုံးချိန်ဆိုပြီး သတ်မှတ်လို့ရပါတယ်။
အဲဒီလိုမဟုတ်ဘဲ တခြားအကြောင်းရင်းတွေအနေနဲ့ ကြည့်မယ်ဆိုရင်
- စိတ်ဖိစီးမှု အဆမတန် များခြင်း
- ရောဂါကြောင့် ဆေးပြင်းတွေ စွဲသောက်နေရခြင်း
- ကိုယ်ဝန်တားနည်းလမ်းတစ်မျိုးမျိုး အသုံးပြုနေခြင်း
- ကင်ဆာရောဂါ ဖြစ်နေခြင်း စတာတွေကြောင့်လည်း ဟော်မုန်းအပြောင်းအလဲ ဖြစ်နိုင်ပါတယ်။
ဟော်မုန်းအပြောင်းအလဲကာလမှာ လိင်မှုဘဝ ဘယ်လိုပြောင်းလဲသွားနိုင်လဲ?
ဒီလိုလိင်ဟော်မုန်းတွေဟာ လိင်မှုဘဝ၊ လိင်စိတ်ဆန္ဒကို အဓိကသက်ရောက်တဲ့ ဟော်မုန်းတွေ ဖြစ်တာကြောင့် ဒီလိင်ဟော်မုန်း ကမောက်ကမဖြစ်ပြီဆိုရင် ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာမှာ စိတ်၊ ခန္ဓာ ပြောင်းလဲမှုတွေ မျိုးစုံ ဖြစ်နိုင်ပါတယ်။ အဓိက ပြောင်းလဲမှုတွေအနေနဲ့ -
ယောက်ျားလေးတွေမှာ
- လိင်တံထောင်မတ်နိုင်စွမ်း အားပျော့လာမယ်။
- သုက်လွှတ်မြန်တာ၊ သုက်လွှတ်ကြာတာတွေ ဖြစ်လာမယ်။
- စိတ်သွားတိုင်း ကိုယ်မပါဖြစ်ပြီး စွမ်းဆောင်ရည် ကျဆင်းလာမယ်။
- လိင်စိတ်ဆန္ဒ နည်းပါးလာမယ်။
မိန်းကလေးတွေမှာ
- မိန်းမကိုယ် ပိုခြောက်သွေ့တဲ့အတွက် လိင်ဆက်ဆံတဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရမယ်။
- ထိုးသွင်းဆက်ဆံတဲ့အချိန် မိန်းမကိုယ်အတွင်း ထိခိုက်ပွန်းပဲ့တာ ပိုဖြစ်နိုင်တယ်။
- ရာသီစက်ဝန်း ပုံမှန်မဟုတ်ဘဲ ရက်စော၊ ရက်ကြာ၊ ရက်နောက်ကျတာတွေ ဖြစ်နိုင်တယ်။
- စိတ်သွားတိုင်း ကိုယ်မပါတော့ဘဲ လိင်ဆက်ဆံဖို့အတွက် ဝန်လေးလာမယ်။
- လိင်စိတ်ဆန္ဒ နည်းပါးလာမယ်။
ယောက်ျားလေးတွေနဲ့ ယှဉ်လိုက်ရင် မိန်းကလေးတွေရဲ့ နေထိုင်မှုဘဝမှာ ကြီးမားတဲ့ ဟော်မုန်းအပြောင်းအလဲကာလပေါင်းများစွာ ကြုံရနိုင်သလို ဒီဟော်မုန်းမျှခြေ ပျက်ယွင်းလို့လည်း လိင်မှုဘဝမှာ ထိခိုက်အားနည်းလာတဲ့ ပြဿနာကို ခဏခဏ ခံစားရနိုင်ပါတယ်။
ယောက်ျားလေးပဲဖြစ်စေ၊ မိန်းကလေးပဲဖြစ်စေ ကျန်းမာရေးစစ်ဆေးတာကို ပုံမှန်လုပ်ပေးသင့်ပြီး ဟော်မုန်းနဲ့ ပတ်သက်လို့ မျှခြေမညီဘဲ နည်းလွန်း၊ များလွန်းနေတယ်ဆိုရင် သင့်တော်တဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲတာ၊ ဟော်မုန်းအစားထိုး ကုသမှုတွေနဲ့ ကုသမှု ခံယူဖို့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်